Recent News

အမေ့သားရဲ့ ၅ (ည) ဖက်ရှင်

လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာလေပြီ။ သားလေးပါလာပါစေ။ ပါလာမှာပါ၊ ပါလာမှာပါ၊ လွတ်လာမှာလို့ အမေယုံတယ်၊ အမေ့သားလေးလွတ်လာရင် လမ်းမှာလွဲမှာစိုးလို့၊ အမေကိုယ်တိုင် ထောင်ဗူးဝမှာ လာမကြိုတော့ဘူး။
အမေသားကို နောက်ဆုံးထောင်ဝင်စာလာတွေ့တဲ့လက ပြန်ကာနီးမှာ ထောင်မှုးဆီ ငွေတစ်ချို့ အပ်ထားခဲ့မိတယ်။ စိတ်ထဲမှာ နောက် ၇ လဆို သားလေး လွတ်ရက်စေ့ပြီ။ အမေ လာမကြိုနိုင်ခဲ့ရင် အပြန်လမ်းစရိတ် မရှိမှာစိုးရိမ်စိတ်နဲ့ အပ်ထားခဲ့မိတယ်။
ခုတော့ အဆင်သင့်လိုက်တာ။ အမေ့သား ထောင် ၇ နှစ်ကျတာ၊ လပိုင်းလေးပဲလိုပေမယ့် အမေကတော့ မျှော်နေမိတယ် သားရယ်။ သားနဲ့ အမှုတွဲတူတဲ့ သူငယ်ချင်းမိတ်ဆွေတွေရယ်၊ တစ်နိုင်ငံလုံး ရှိသမျှ အကျဉ်းထောင်တွေမှာ အသီးသီးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ အမေ ဆုတောင်းနေမိတယ်။
ညက တစ်ညလုံး အိပ်မပျော်နိုင်ပေမယ့် မနက်လည်း အစောကြီးနိုးနေမိတယ်။ အမေ့သားကို ထောင်ဝင်စာတွေ့ပြီး ပြန်လာရင် ဒီနေ့လည်ဆို ရန်ကုန်ရောက်ပြီဆိုတာ အမေသိတယ်လေ။ သားကို ၇ နှစ်အတွင်း တစ်လတစ်ခါ ထောင်ဝင်စာ မပျက်မကွက်လာရင်း ကားဂိတ်မှာ ဘယ်အချိန်ကားထွက်ရင် ဘယ်အချိန်ဆိုက်မယ်ဆိုတာ အမေ အလွတ်ရနေပါပြီ။
သားပထမဆုံး မန္တလေးထောင်မှာ  ၂ နှစ်နေရတုန်းကတော့ ပြောရကြေးဆို သွားရလာရတာ အမေ သက်သာပါတယ်။ ရန်ကုန်ကအတူသွားမယ့် အဖော်တွေလည်းရှိတယ်လေ။ နောက်ပိုင်း ပခုက္ကူထောင် ပြောင်းလိုက်တော့ အမေတစ်ယောက်ထဲဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမေတစ်ယောက်ထဲပေမယ့် အမေက အပြင်လောကမှာ။ အမေ့သားကတော့ ပခုက္ကူထောင်မှာ တစ်ယောက်ထဲလေ။
သားအမှုတွဲတွေက မန္တလေးထောင်မှာတစ်ချို့ကျန်ခဲ့ပြီး အခြားသူတွေလည်း နယ်ထောင်အသီးသီး ပို့ခံရတယ်လေ။ နောက်ပြီး ပခုက္ကူထောင်မှာက သားအပါအဝင် ၅ (ည) နဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ပဲ ရှိတာ၊ တစ်ယောက်ကတော့ သူ့ကို သားကဘယ်သူဘယ်ဝါမှန်းမသိသလို သူ့ကိုယ်သူတောင် ဘယ်သူဘယ်ဝါမှန်း မသိတော့တဲ့သူတစ်ယောက်။
နောက်ပိုင်းဘယ်ပို့လိုက်မှန်းမသိတောာတာမို့ ပခုက္ကူထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သားတစ်ယောက်သာ ရှိတော့တာမို့လား။ အမေ့သားကိုလည်း ဘယ်ပို့လိုက်မှန်းမသိဖြစ်ပြီး ပျောက်ချင်းမလှ ပျောက်သွားမှာစိုးရိမ်လို့ အမေ့အလုပ်ကခွင့်ယူပြီး (ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခွင့်တင်ခဲ့ပြီး) သားကို တစ်လတစ်ခါ လာတွေ့နေရတာပေါ့။
ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အပေါင်းပါစစ်ထောက်လှန်းရေးတွေကို ဖမ်းဆီးထိမ်းသိန်းပြီးတဲ့နောက် စစ်ထောက်လှမ်းရေးက မတရားစွပ်စွဲ ဖမ်းဆီးထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်ဆိုတဲ့ အမိန့်  ထုတ်လိုက်တယ်လေ။ အမေ့သားအပါအဝင် ကျောင်းသားလူငယ်တွေ၊ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး အရေးဆိုသူတွေအားလုံးဟာ အမှန်တရားတရားအတွက် တိုက်ပွဲဝင်နေကြတာပဲလေ။
အမှန်တရားလိုလားသူတွေကို မမှန်တာလုပ်တဲ့သူတွေက အတိုင်းအဆမရှိ ဖမ်းထားတာဟာ မတရား လုပ်တာပဲပေါ့။ အမေမျှော်နေမိတယ်သားရေ။ သားကြိုက်တဲ့ ဟင်းလေးတွေချက်ရင်း အမေစောင့်နေမိပြီ။
သားကို ထောင်ဝင်စာတွေ့တဲ့အချိန်ကဆို ရတဲ့အချိန်လေးမှာ ပြောရဆိုရ အချိန်ကုန်မြန်လိုက်တာ။ ထောင်ဝန်ထမ်းတွေများ နာရီကို လက်နဲ့လှည့်နေသလား တွေးမိပါရဲ့။ ခုတော့ သားကို မျှော်ရတာ နာရီများရပ်နေသလား ခဏခဏ မော့ကြည့်ရတယ်။
အလို.. နေ့လည်တောင်ရောက်ပြီ။ သားလွတ်လာရင် ရောက်သင့်ပြီပေါ့။ ပြောလို့တော့မရပါဘူးလေ ၊ ထောင်ကထွက်ထွက်ချင်း ထမင်းလေးဘာလေး စားအုန်းမှာနဲ့ဆို အင်း… ဒီအချိန်မရောက်နိုင်သေးဘူးလေ။
အမေ့ကို သားအစ်မတစ်တွေက နေ့ခင်းတရးတမော အိပ်လိုက်ပါလား ပြောနေကြတယ်။ အမေ ဘယ်အိပ်နိုင်မှလည်း သားရဲ့။ သားပြန်အလာကို အမေထိုင်စောင့်ချင်တာပေါ့။ သားက အမေ....လို့ အော်ပြီး အိမ်ထဲပြေးဝင်လာမှာကို အမေ လက်ဆန့်တန်းပြီး ကြိုချင်တာပေါ့သားရယ်။
ဟင်.......... ဘာလိုလိုနဲ့ ညနေစောင်းလာပါပေါ့လား။ အမေ့သား........... နောက်ဆုံးကားနဲ့လိုက်လာရင်တောင် ဒီအချိန်က ရောက်သင့်တာထက် ကျော်နေပြီကော။ အမေ့သားလေး အစစချောမောပါစေ။ အမေ ခြေဆန့်လက်ဆန့် လှဲနေပါလားလို့ သမီးကြီးကပြောပြန်ပြီ။ အို....အေ  ၇ နှစ်နီးပါး စောင့်ခဲ့ပြီးပြီ၊ ခုချိန်လေးစောင့်ရတော့ဘာဖြစ်လဲ။ နောက် ၇ လကို ဆက်စောင့်ဆိုလည်း စောင့်ရမှာပဲ။
အမေ့ရင်ထဲ လှိုက်ကနည်းဖြစ်ပြီး မျက်ရည်တွေ ဝေ့တက်လာပေမယ့် အမေမငိုဘူး၊ အမေမငိုဘူး။ သားစိတ်တွေ နောက်ကြောင်းမအေးမှာစိုးတဲ့အတွက် အမေမငိုတာကြာခဲ့ပြီရော။
အင်း....... ဆီမီးထွန်းရတော့မှာပဲ၊ ညတာရှည်လာတယ်နဲံ့တူပါရဲ့ မှောင်တာစောလိုက်တာ၊ အရေးထဲ ခြံဝမှာ ဘယ်က အဖိုးအိုပါလိမ့်။ ကတုံးဆံတောက်နဲ့၊ မျက်လုံးဟောက်ပက်၊ ရယ်များတောင်ပြနေသေး၊ အင်း........ ရယ်လိုက်မှ သွားပဲ မြင်ရတော့တယ်။
မှန်း......... ရှေ့တိုးပြီး မေးအုန်းမှပါ၊ အင်္ကျီကတော့ အဖြူခေါင်းစွပ်နဲ့ ပုဆိုးက ရေတောင်မချရသေးလို့ ကော်အတောင့်သားပါလား၊ ဟင် ဘိနပ်ကလည်း သဲကြိုးက အပြာတစ်ဖက် အနီတစ်ဖက်၊ ကျွတ်ကျွတ်အိတ် ပလပ်စတစ်စကို ကျစ်ထားပြီး သဲကြိုး လုပ်...လုပ်...
အမလေး.  ဒါ...ဒါ  ထောင်ထဲက လက်မှုအတတ်....  သားလေး ..သား ... အမေ့သား...လွတ်လာပါပေါ့လား။ သားလွတ်လာပြီ။.....အမေ့သားလွတ်လာပြီ။

Riches I hold in light esteem

Riches I hold in light esteem
And Love I laugh to scorn
And lust of Fame was but a dream
That vanished with the morn–
And if I pray, the only prayer
That moves my lips for me
Is–"Leave the heart that now I bear
And give me liberty."
Yes, as my swift days near their goal
'Tis all that I implore
Through life and death, a chainless soul
With courage to endure!

ခြေရာမဲ့..

ခပ်လျော့လျော့အတွေးတွေနဲ့...
ငါခပ်ပေါ့ပေါ့ပဲနေခဲ့တာက များပါတယ်....။

သံလမ်းမဲ့ ဘူတာ နှစ်ဆယ်ကျော်မှာလဲ...
ခပ်ပေါ့ပေါ့နေတုန်းပဲပေါ့....။

သူငယ်ချင်တွေစကား...
မင်း... ရည်မှန်းချက်တခုခုထားပါလားတဲ့..။

ပညာရှိတွေပြောစကားအရဆိုရင်...
ကျွန်တော်ဟာ ဦးတည်ရမဲ့နေတဲ့လှေပါ...။

လူဘ၀ဆိုတာကို ...
ပုံစံအမျိုးမျိုးကူးခတ်....
ငတ်တလှည့် ပြတ်တလှည့်လည်း
ဖြတ်သန်းဖူးတယ်..။

ခလုတ်မထိပေမယ့် ....
အမိတခဲ့တာလည်းရှိတယ်...
လမ်းတွေကခပ်ကြမ်းကြမ်း။

ငါမူးပြီးခပ်ရမ်းရမ်းဖြတ်ချင်တယ်...။

ဘယ်မလဲငါဘ၀....
ငါကိုယ်တိုင် ဖြတ်ထုတ်ပစ်မယ်..။

အိပ်မက်တွေ မရှိတာလည်း ခပ်ကောင်းကောင်းပဲ...
ပျောက်ပျက်ဆုံးရှုံးစရာမလိုတော့ဘူးပေါ့..

ငါလေလို့ပဲလှည့်ပတ်တိုက်ခတ်...
မောရင်တော့ တထောင့်ထောင့်မှာကပ်ပါရစေ..။

မေမေရေ.....
ခြေသလုံးအိမ်တိုင်ဘ၀ ကနေ.....
နောင်တရရင် သားမေ့မေ့ဆီပြန်ခဲမယ်.။

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် အံကိုတင်းတင်းကြိတ်ကာ ယောက်ျားတန်မဲ့ မျက်ရည်ဝဲချင်လာသလိုလို ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?
မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

တန်ရာတန်ကြေး

နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်

ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး

အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ

စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။

အနုပညာဆိုတာ

မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး

နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း

ပြောသူကို မယုံကြည်ချင်ကြဘူး

ကြည့်ပါ

ဒီမြှားကို ငါပစ်ပြပါ့မယ်။

ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့

အဲဒီသူယောင်နတ်သမီးကို

တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။

ရေးချင်လို့ရေးစရာ.

ဘာမှန်းတော့ မသိပါဘူး စာမရေးဖြစ်တာကြာပါပြိ.. စာရေးချင်နေတယ်....ကဗျာရေးချင်နေတယ်... စိတ်တော့ရှိပါတယ်... လူကပျင်းနေတာလေ... ရီဝေေ၀ ဘီယားမူးတုန်းက စိတ်ကူးတွေ... ဝေတေတေ ၀ီစကီဆွဲဒုန်းကအကြောင်း.... အများကြီး ဘယ်ဟာကိုရေးမလဲ...

သူငယ်ချင်းတစ်ယောက် မိန်းမယူသွားပြီး နောင်တရလိုအော်တဲ့အသံကိုရေးရမလား...

ကျွန်တော်တို့လမ်းထိပ်မှာ လသာတဲ့ညတွေ ထိုးတဲ့ ထုတ်ဆီးတိုးပဲ အကြောင်းရေးမလား.... လေ၇ာင်အောက်က ကလေးတွေရဲ့ မျက်နှာဟာ သာယာကြည့်နူးစရာပါ... ရန်ကုန်မှာ မြင်ဖို့ တော်တော် ခဲယဉ်းတဲ့ မြင်ကွင်းမျိုးလေ.....

လသာသာ ညခါဖန်တို့တော့
တန်ကို့နော် မဆိုရဲရှာဘူး
ကစားအရွယ် ငယ်ကတည်းက
စွဲတဲ့ အချစ်......။

ဆိုတဲ့ကဗျာ မျိုးလေးတွေ ကိုသတိရစရာပါ...

အဲဒီအကြောင်းမရေးချင်လဲရပါတယ်... ဆိုက်ကားသမား ကောင်းဆွေ မိန်းမသုံးယောက်ယူတဲ့အကြောင်းရေးမလား... ရေးစရာအများကြီးနော် မရေးဖြစ်လို့မရေးတာ....

အိုင်တီဆွေးနွေးပွဲတွေမှာ တွေ့ကြုံခဲ့တာကို ရေးရင်ကောင်းမလား... လူကြီးတွေပညာရှင်တွေဆိုပြီး အရေခြုံတွေ ရှိနေတာတွေကိုလေ...

ကျွန်တော်မရေးလည်း ဘာမှ မဖြစ်ဘူး ရေးလည်း ဘာမှ မဖြစ်ဘူး စာမရေးဖြစ်တာ ကြာလို့ရေးမယ်စိတ်ကူးတာပါ... အခုကျွန်တော်စာမရေးဖြစ်ဘူးလေ....

လမ်းခွဲ့သွားတဲ့ ချစ်သူအကြောင်းကတော့ ဘယ်တော့မှ မဆုံးတဲ့ အသည်းကွဲဇာတ်လမ်းရှည်တစ်ပုဒ်လည်းဖြစ်တယ်......

နံနက်ခင်းလေပြေ အသွေးမှာ...
ထွက်ပေါ်လာတဲ့ သူ့ရယ်သံလေးကို...
ကျွန်တော်စိတ်ကူးနဲ့နမ်းခဲ့တယ် ဆိုတဲ့ စာသားတွေနဲ့ပေါ့...
ချစ်သူဆိုတော့  ချစ်တုန်းပေါ့......

ကျွန်တော်စာမရေးဘူးနော် စာမရေးဖြစ်တာ ကြာပြီ အခုဘယ်ကြောင်းရေးရင်ကောင်းမလဲ..... အချစ်လား အလွမ်းလား အလှလား ဘ၀လား.... အိုရှုပ်ပါတယ်ဗျာ ကျွန်တော်ဘာမှ မရေးတာကောင်းပါတယ်.......ရေးစရာကအများကြီးကို...

ဒါတောင်နိုင်ငံခြားကနေ မြန်မာပြည်လှမ်းလှမ်းပြီး မယားတရူးနေတဲ့ နှစ်ကောင်အကြောင်းမပါသေးဘူး...ဗျာ.....

ဘာရေးရင်ကောင်းမလဲ အကြံလေးဘာလေးပေးစမ်းပါဦးဗျာ.......

နှလုံးသားပြိုင်ပွဲ


မလိုပါဘူး
ငါ့ဟာငါလည်းလမ်းလျှောက်နိုင်ပါတယ်
ဘယ်တုတ်ကောက်မှ မလိုခဲ့ပါဘူး
ဒါပေမယ့် ဧရာဝတီဆန်ဆန်လျောက်တာပေါ့ကွာ
မျှတ ခြင်း ရဲ့ တရား ကို မြစ်တစ်စင်းလို ကြည့်ရင်..
ကွေ့ကောက်ပါတယ်၊
အပြာရောင်ကောင်းကင်ကို မှ ဖြူအောင်လုပ်ချင်ရင်တော့ .
တိမ်တိုက်တွေ ရှိ မှ ဖြစ်မယ်၊
နေညိုညိုကလည်း ကဝေဆန်အောင်လှပါတယ်.ကွာ
အပြာရောင်  မှအချစ်ဖြစ်တာ မဟုတ်ပါဘူး
ဘယ်လိုပဲပြောပြော အကန်းတွေမမြင်နိုင်ပေမယ့်
အလင်းရောင်ကတော့ အလင်းရောင်ပါပဲ၊
အရူးရင့်တာ နေမြင့်လို့ မဟုတ်ဘူးတဲ့ .
လှတ ပ တ ဘဝ ကို . မှ စာဖွဲ့ရမယ် ဆိုရင်.
ဘယ်ကဗျာမှ လှ ပ မှာ မဟုတ်ဘူး .
ကံ စေစားရာ ကို လှော်ခေတ်ဖို့ အတွက်
တက် မဟုတ်ရင်တောင် တုတ်ကောက်. တစ်ချောင်တော့ လိုမှာပဲ၊
လေတိုက်တိုင်းလဲ မြူမလွင့်ပါဘူး
ငါအတွက်ဆောင်းတွင်းက ခပ်စောစောလာခဲ့တယ်…
ကဗျာမှာ အလှမပါဘူးဘယ်သူပြောလဲ…
အင်းလေ ကိုယ့်မြင်းကိုယ်စိုင်းခဲ့ကျတာပဲ
စစ်ကိုင်းက စကြ၀ဠာအပြင်ဘက်မှာဆိုရင်တောင် သွားဦးမယ်…
နေမ၀င်ထိပေါ့၊
တစ်တောလုံး ကြွေ ဖို့ .နွေ ဆိုတာ လို မှာပဲ .
အရောင်တွေ ပြောင်းတဲ့ ပန်း ကိုမှ ခပ်ဖြည်းဖြည်းနမ်းခဲ့ ရတာ
ဒီအမှောင်ခန်းက ထွက်ဖို့ ဆိုရင်
ထာဝရ တံခါးတစ်ချပ်တော့ လိုမှာပေါ့ ၊
အစကတည်းက အသေပိတ်ထားတဲ့ တံခါးတခုလိုပါပဲ….
ဘယ်တော့မှ မထွက်တော့တဲ့ လူဆိုတာ သူတို့မသိဘူးထင်ပ…
စူးရှစွာ မျက်လုံး မဖွင့် ရမဲ့အတူတူတော့…
အမှောင်ထဲမှာပဲ မျက်စိမှိတ်အိပ်လိုက်တော့မယ်…
ကျေးဇူးပြုပြီး ကျွန်တော့်ကို လူညံ့လို့ခေါ်ပါ .
ကျွန်တော်ကောင်းကင်ရဲ့ ခြေသုတ်ခုံမှာတော့ မတ်တပ်မရပ်ချင်ဘူး၊
အဝင်အထွက်မှာ စည်းချက်တွေရှိတရ်.
တစ်ရောင်တည်းရှိတဲ့ ပုတ်သင် တစ်ကောင်ပါ
တက်သစ်စ မော်ဒယ်လိုတော့ ခပ်ချိုချို မဖြစ်နိုင်ပါဘူး
အိမ်မက်တွေ အသက်သွင်းလိုက်ရင်
ကိလေသာ ငြိမ်တယ်တဲ့လား
ဆိုးရွာမှု့ သမိုင်းမှာ မင်းရိုးးသားလိုက်စမ်းပါကွာ၊
ကာရံမပါပေမယ့် ရစ်သမ်မှန်တဲ့ မော်ဒန်ကဗျာတစ်ပုဒ်. ပါ..
ကော်ဖီခါးခါးတစ်ခွက်လောက်ဘယ်ကောင်းပါ့မလဲ…
ဘ၀နာကျနေတဲ့ကောင်ပဲလေ.
စိတ်ကူးတွေလက်ဆက်မှုရှိရင်
ဘ၀မှာ ရိုးသားစရာမလိုဘူး နေတတ်ထိုင်တတ်ဖို့ပဲလိုတယ်….၊
ဒီထက်ဆိုးဖို့အတွက် ဒီလောက်မိုက်ဖို့လိုမှာပဲ
ချောက်ထဲ ခုန်ချလို့ .အောက်ဆင်းတာလို့ မြင်ရင်  ကမ္ဘာကြီးလုံးတာ မဖြစ်နိုင်ဘူး .
ရာသီတစ်ခုရဲ့ အစ မှာ .
အိမ်အပြင်ထွက်ဖို့ စဉ်းစားကြည့်
ဖိနပ်တစ်ဖက် မရှိတဲ့. အတွေးနဲ့ ပေါ့ .၊
အိမ်ထဲကိုပြန်ဝင်ကြည့်တော့
 လသာတာမဟုတ်ဘူး… နေထွက်တယ်ဆိုတာလည်း မသေချာသေးဘူး..
ရေရာခြင်း အပိုင်းအစ က တော့
ငါ ခုနစ်ဆင်ကြယ်အမြီးထောင်ကို
ဘယ်သူမှ အပေါင်မခံဘူး …
ps: ကဗျာ ဆရာ သူငယ်ချင်း တစ်ဦး နဲ့ အပြိုင် ရင်ခုန်မှု့ တစ်ခု သက်သက်ပါ

ကကြီး


အဖေ့ရဲ့မျက်နှာမှာ

အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့

အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း

ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့

အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့

လောကဓံရှစ်ပါးနဲ့ပိတယ်။

အဖေရယ်……

ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ်

အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း

အဲ့ဒီလို…..ကကြီးမျိုးတော့

ကျွန်တော် ရေးချင်ပါသေးတယ်။

နတ်ပျိုမ တွက်ပန်း


အလွမ်းတွေရှိထားကြောင်း
‘ပန်းဝေ’သိလားမေးချင်တယ်။
လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
ပန်းဝေ သိမယ်။
ကိုယ့်မျက်ရည် ကိုယ်ရှာမတွေ့ဘူးတဲ့
ညှို့ချက်တွေ အငိုဝေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မယ့်
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
(အော်…တို့ဘ၀က)
တမ်းမပြေတယ်နော် မျက်ရည်ဦး။
နှောင်တွယ်တာ ခက်တာပဲပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့ ပန်းဝေရယ်
(တို့လေ….)
မခေါ်ဖြစ်ပါဘူး..။

(တာရာမင်းဝေ)

ရန်ကုန်ညများ..

အကြောင်းအရာ ကို ခေါင်းစဉ်အတည်အကျမရှိပဲ ရန်ကုန်ကို ထွက်လာမိခဲ့တယ်လေ.. (တကယ်က အဲဒီခေါင်းစဉ်ကို မတပ်ချင်တာပါ..)
ရောက်ခါစကတည်းက ခေါင်းတခါခါလည်တခါခါနဲ့ပဲရှိသေးတယ်..။ ယောင်ချာချာလည်း ဖြစ်ကောင်းဖြစ်သလို့.. ။ Driver ဖြစ်တဲ့အခါလည်းဖြစ်တာပဲ.. ။ ကိုယ့်ပခုံးကိုသူ့မှီနွဲ့ စဉ်းတုန်းက မမဲ့ခဲ့ဘူးဆိုရင်.။ ကိုယ့် နှလုံးသားကို သူချေမွသွားတော့လည်း မျက်ရည်ကျဖို့မကောင်းပါဘူး.။ ကျောင်းနေဖက်တွေနဲ့ အဆောင်နေရတဲ့ ဘ၀က အမေ့အိမ်ထက်ကောင်းမယ်လို့ ခင်ဗျားတို့ ထင်ပါသလား။ ပျော်စရာကောင်းပေမယ်.. ချမ်းမြေ့ မှုတော့ မရှိဘူးနော်....။ ဘာဆိုဘာမှ မစဉ်းစားဘဲ ရန်ကုန်ကိုခြေချလာတဲ့ လူတစ်ယောက်ကို ဘယ်တော့ မှ ရန်ကုန်က နွေးနွေးထွေးထွေးမကြို ဆိုခဲ့ပါဘူး.. ။ ကြိုဆိုစရာပဲမလိုလို့လားတော့မသိဘူးလေ...။ အမေ့အိမ်ကို ခြေရာဖျောက်တဲ့ သားတစ်ယောက်အတွက်တော့ ရန်ကုန်ဟာ ထောင်ချောက်ပါပဲ...။ ဒါလိုပါပဲလေ ကြာတော့ လည်း ဒုက္ခတွေနဲ့ အသားကျတတ်လာတာပေါ့.။ လှည်းတန်းကအပြန် ငါးဆယ်တောင်မရှိလို့ ဘက်စ်ကားမဆီးဘဲ သူငယ်ချင်း တတွေ ခြေကျင်ပြန်ခဲ့ရတဲ့ ရက်တွေကလည်း အမှတ်ရစရာပေါ့..။ လှည်းတန်းက ရွှေလက်ဖက်ရည်ဆိုင်ကလည်း ကျွန်တော်တို့ ဘ၀တွေ ချွေးသိပ်ရာ တစ်နေရာပဲ.. ။ သူငယ်ချင်းတွေ စုံစုံညီညီ ပေါ့ဆိမ့်တစ်ခွက်ကို လုသောက်ဖူးတယ်..။ ထမင်းသုပ်တပွဲကို နှစ်ယောက်စားတယ်.. ။ ၀မ်းတွေ ဆာပေမယ့် ဘ၀တွေ မဟာ ခဲ့ကျဘူးဗျ...။ အဆောင်အပြန် ကြယ်မထွန်းတဲ့ညတွေမှာ အမေ့အိမ်အကြောင်း ခေါင်းစဉ်ပေါင်းများစွာ စဉ်းစားမိခဲ့ဖူးတာတော့.. ။ ကျွန်တော် မညာချင်ပါဘူး ၀န်ခံပါတယ်.။ အိမ်ပြန်ဖို့စိတ်ကူးအရှိတာကတော့ အမေ့ကို မချစ်လို့မဟုတ်ပါဘူး.။ ဝေးအရပ်က သားတစ်ယောက် ဘာတွေများ အမေ့ကို ထောက်ထောက်ကူကူပြုနိုင်မှာမို့လို့လဲ...။ ရန်ကုန်မှာသာတဲ့လကလည်း အမေ့မျက်နှာလောက်မလှပ ဘူးလေ... ။ စိုင်းထီးဆိုင် အစ ကွမ်းယာဆိုင် အဆုံး ကျွန်တော်တို့ တွေ တရုံးရုံးနဲ့... ကုန်းရုန်းထလာခဲ့ကျတဲ့ညတွေ..။ အမှတ်တရာ ရွှေညတွေမှာ... ကျွန်တော်တို့ ဘ၀တွေ လင်းဝေဖြာခဲ့သေးတယ်ဗျာ.. ။ ဒါကလည်း ရံဖန်ရံခါ..ပါ.။ အမှန်အကန်တွေပဆိုပြီး ကောစမတ်တစ်တွေ အကုန်ဝယ်သုံးတဲ့ အူကြောင်ကြောင် အင်ဂျင်နီယာ တစ်ကောင်ကတော့ ကျွန်တော်တို့အဖွဲ့ နဲ့ ၀င်လိုက်ထွက်လိုက်ဗျ..။ NIVEA တရားဆွဲမယ့် အင်ဂျင်ကလေးကလည်း ကျွန်တော်တို့ခေါင်းဆောင်ပဲ....။ ရောင်တောင်တောင် ကြောင်တက်တက်နဲ့ အသည်းကွဲသမားနှစ်ယောက်လည်း  ခေါင်းစဉ်းတက်တယ် အသည်းမကွဲ ရင်မလာရတဲ့..။ ရန်ကုန်ဟာ သူမာယာတွေနဲ့ ကျွန်တော်တို့ကို တမျိုးပြီးတမျိုးလှည့်ဖြားနေတယ်ဗျာ...

မိရန်ကုန်ရေ.......

လွမ်းတယ်ဟာ အိမ်ကိုလွမ်းတာလား....

လက်မထပ်ဖြစ်မယ့် ချစ်သူတွေကို လွမ်းတာလား....

ဆိုးတူကောင်းဖက် တိုင်ပင်ပေါ်တိုင်ပင်ဖက် ဂိုဏ်းချုပ်ကို လွမ်းတာလား.....

ဘာကိုလွမ်းမှန်းမသိ လွမ်းတယ် မိရန်ကုန်ရေ......

တစ်ခါတစ်ခါ ကျွန်တော်အဲလိုတော့ ညည်းမိတယ်..။ညည်းမိတော့ ရပ်မသွားဘူး. ဆက်ဆက်ပြီးလာတယ်ဗျာ... ကျွန်တော်ဘ၀ရဲ့ ဒုက္ခဆိုတာ ရန်ကုန်မှာပဲတွေ့ဖူးတာ....

မိရန်ကုန်ရေ....

နင့်ဆီကို ထွက်လာတဲ့အချိန်ကစပြီး ဒုက္ခဆိုတာကို သိခဲ့ရတယ်....

ကိုယုံကြည်ရင်းနှီးတဲ့လူတွေကို လစ်လျူရှု့ဖုန်းပိတ်ထားချိန်မှာ

....

ကိုမမြင်ဘူးတဲ့ အွန်လိုင်းသူငယ်ချင်းတွေက ဘာလို့ ကို့ပေါ်အရမ်းကောင်း၇တာလည်း.....

လွမ်းတယ် မိရန်ကုန်ရေ ငါ အရမ်းလွမ်းတယ် မိရန်ကုန်ရာ......
ဘာပဲပြောပြောလေ ကိုယ်မြင်းကို ကိုယ်စိုင်းခဲ့တာပဲ ဘယ်တံတိုင်းကိုရောက်ရောက်ကျော်ရမှာပေါ့..... ရန်ကုန်ရေ....။

Peace in Mind

လောကထဲကို ဘာမှမသိဘဲ ရောက်လာပြီး ဘာမှမသိဘဲထွက်သွားချင်တဲ့ လူတစ်ယောက်ပါ.

Powered by Blogger.

Recent Comments | Recent Posts


Bloggerized by : GosuBlogger | designed by: Website Builder | Coded by: Blog Directory | Provided by: Wedding photojournalism chicago
bottom